ဆရာ ဇော်ဂျီ အွန်လိုင်း စာအုပ်စင်

https://mega.co.nz/#!ewEXkTAZ!RqgdX34AZyruatLI2w2d6zwsu9VJ5dHRrMpcHyD6S30

https://mega.co.nz/#!zwshlSIL

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းကို သူမဲ၊ လူပုံထဲ၌
ဆိုဆဲ ရိုင်းပြ၊ သူရန်စလည်း
မင်းကမဖြုံ၊ မင်း မမှုန်ခဲ့
မတုစန်မလှုပ်၊ မင်း ပြုံးရုပ်သည်
ဟုတ်လှပေစွ ဟုတ်ပေစွ။
အခါတစ်ပါး၊ မြတ်ဘုရားကို
ပုဏ္ဏားဒွါဇ၊ အမျက်ရှ၍
ငဆ နင်းပဲ၊ မျိုးစုံဆဲ၏
ဆိုဆဲအားရ၊ ထိုခဏ၌
ဗုဒ္ဓဘုရား၊ ထိုပုဏ္ဏားနှင့်
စကားချီချ ဆိုခဲ့ကြ။
`ဘာရဒွါဇ၊ မြဟ္မဏ
အိမ်ဝရောက်လာ၊ သင့်ဆွေညာအား
ရသာချိုအေး၊ ခဲဘွယ်ပေး၍
မကျွေးသလော ကျွေးသလော´
`ငါ့ဆွေ ငါ့မျိုး၊ ငါမြတ်နိုး၍
မုန့်မျိုးစုံစွာ၊ သုံးဆောင်ပါဟု
ငါကျွေးမွေး၏ ငါပေး၏´
`ဘာရဒွါဇ၊ ဗြဟ္မဏ
သူက ငြင်းဆန်၊ လက်မခံသော်
ကြံ ပျား ဆီဥ၊ ခဲဘွယ်စုသည်
မည်သူ့လက်မှာ ရှိသနည်း´
`သူ မယူဘိ၊ နေသည်ရှိသော်
ငါ၏လက်မှာ ရှိသည်သာ´
`ဘာရဒွါဇ၊ ဗြဟ္မဏ
ငါ့အား သင်ပေး၊ မယဉ်ကျေးသည့်
ဆဲရေးတိုင်းထွာ၊ ဆဲတစ်ရာကို
ငါလက်မခံ´
မိန့်လိုက်ဟန်သည်
သုတ္တန်ထင်ရှား အရှိသား။
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း သိ မသိ၊ ငါမသိခဲ့
ငါ သိသည်မှာ၊ သိရုံသာတည့်
မင့်မှာတစ်မူ၊ ယူမတူတို့
ငြူစူမှိုင်းမှုန်၊ အဆဲစုံ၌
မတုန်မလှုပ်၊ မင့်ပြုံးရုပ်သည်
ဟုတ်လှပေစွ ဟုတ်ပေစွ။

ငွေတာရီ၊ အမှတ် ၁၃၁၊ မေ ၁၉၇၁။
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းက မင့်အိမ်၊ လွန်သေးသိမ်ဟု
မငြိမ်မသက်၊ စိတ်စက်မကောင်း
စိတ်ထောင်း ကိုယ်ကြေ၊ တခွေခွေသည်
နေထိကြွေမည့် ပန်းယဉ်အိ။
လှိုင်းအိအယောင်
ဆောင်ပြိုင် သာမော၊ သူ့အိမ်ချောသို့
စကြောသပ်ရပ်၊ ခံပယ်ထပ်နှင့်
ပန်းကပ် ပန်းကြွ၊ သူ့အိမ်လှသို့
ဝေးက မျှော်မှန်၊ မင်းရော်ရမ်းသည်
ပန်းအိ နေထိ ကြွေတော့မည့်။
မကောင်း မင့်အိမ်၊ ကောင်း မင့်အိမ်တည့်
မင့်အိမ် ရွှဲစို၊ အမိုးယိုသော်
မငြိုသင့်ပါ၊ မင်းတက်ဖာပေါ့
အကာ အခင်း၊ ပျက်ပြိုယွင်းသော်
မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့
အခွင် အနဲ့၊ အရွဲ့အစောင်း
မကောင်း မပြေ၊ ဟောင်းထွေထွေကို
အခြေနှင့်မျှ၊ ဥာဏ်ဖြင့်ဆ၍
လုံ့လသက်သွင်း သစ်စေမင်း။

လမ်းစဉ်သတင်း၊ အတွဲ ၄၊ အမှတ် ၂၀ (၁၅-၇-၁၉၆၈)